News

၄၄လမ်းကဖြစ်ရပ်တွင် ကောင်းမှုကုသိုလ် လုပ်ပေးမယ့်သူတောင်မရှိတဲ့ ညီအကိုနှစ်ယောက်ရဲ့ ရင်နာဖွာဖြစ်ရပ်ကို ပြောပြလာတဲ့သူ

၄၄လမ်းကဖြစ်ရပ်တွင် ကောင်းမှုကုသိုလ် လုပ်ပေးမယ့်သူတောင်မရှိတဲ့ ညီအကိုနှစ်ယောက်ရဲ့ ရင်နာဖွာဖြစ်ရပ်ကို ပြောပြလာတဲ့သူ

ရန်ကုန်၊ သြဂုတ် ၁၂

ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်းရှိ တိုက်ခန်းတခုကို သြဂုတ်လ ၁၀ ရက်က မွန်းလွဲပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် အကြမ်းဖက်စီးနင်းစဉ်အတွင်း ခုန်ချ၍ ကျဆုံးခဲ့သူတွေထဲက နှစ်ဦးဟာ ညီအကိုအရင်းဖြစ်ပြီး မိဘတွေ မရှိတော့သူတွေဖြစ်လို့

ပိုင်ရှင်မဲ့အလောင်းအဖြစ် ပြီးဆုံးသွားမယ့် အခြေနေမျိုးရှိနေတယ်လို့ သေဆုံးသူတွေနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေက BAP ကို ပြောလာပါတယ်။

သေဆုံးသူ ကိုဝေဇော်ထက်နဲ့ ကိုဝေယံထက်တို့ ဟာ ညီအကိုအရင်းဖြစ်ကြပြီး စစ်ကိုင်းတိုင်း ဇာတိတွေဖြစ်ကြပြီး မိဘတွေ မရှိတော့တဲ့နောက်ပိုင်း ရန်ကုန်မှာ အခြေချ နေထိုင်သူတွေဖြစ်တယ်လို့ သူငယ်ချင်းတွေက အတည်ပြုပြောကြားထားပါတယ်။

ဆွေမျိုးတွေနဲ့ကလဲ အဆက်အစပ်မရှိတော့ ပိုင်ရှင်မဲ့အနေနဲ့ဖြစ်သွားမှာပဲလေ။ ကျွန်တော် သူငယ်ချင်းက အမြဲပြောနေတာ့ ဆွေမျိုးတွေနဲ့လဲအဆက်အသွယ်မရှိတော့တဲ့ အခြေနေဖြစ်နေတာ ကျွန်တော်သိတယ်။

သူတို့ကိုဘယ်သူမှမသိကြတော့ ကောင်းမူကုသိုလ်ပြုလုပ်ပေးမယ့်သူတွေမရှိဘူးဖြစ်နေတာ အလောင်းထုတ်ပေးဖို့ တာဝန်ခံမယ့်သူမရှိဘူးဖြစ်နေတာ။ ဘယ်သူနဲ့မှ အဆက်အစပ် မရှိဘူး” လို့ ကိုဝေဇော်ထက်ရဲ့ သူငယ်ချင်းတစ်ဦးကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်း တိုက် ၄ လွှာကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ၁ဝရက်နေ့က လာရောက်စစ်ဆေးနေစဉ် တိုက်ခန်းပေါ်မှ ခုန်ချခဲ့တဲ့ လူငယ် ၅ ဦးအနက် အမျိုးသမီးတစ်ဦးအပါအဝင် ၃ ဦးမှာ နေရာမှာတင် သေဆုံးခဲ့ပြီး ၂ နှစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေက အတည်ပြုပြောကြားထားပါတယ်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့တွေ ဝင်ရောက်စီးနှင်းစဉ် ခုန်ချသူတွေထဲက အကိုဖြစ်သူ ကိုဝေဇော်ထက်ဟာ နေရာမှာ ပွဲချင်းပြီးသေဆုံးခဲ့ရတာဖြစ်ပြီး ညီဖြစ်သူ ကိုဝေယံထက်ကတော့ သြဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

ညီဖြစ်သူ ကိုဝေယံထက်ရဲ့ ရုပ်အလောင်းကိုတော့ သူရဲ့ အလုပ်ကအပေါင်းသင်း အချို့သာ သွားရောက်ကြည့်ရှုခဲ့ရတယ်လို့ အစ်ကိုဖြစ်သူရဲ့ သူငယ်ချင်းက BAP ကို ပြောပါတယ်။ ၇ ရက် ပြည့်ရင်တော့ကျွန်တော်က အမျှဝေပေးမယ်။ ခုဟာက အလောင်းထုတ်ရဲတဲ့ သူတောင်မရှိဘူး။ ကျွန်တော်သူငယ်ချင်းရဲ့ ညီက သူ့သူငယ်ချင်းတွေရှိတဲ့ ၄၄လမ်းကို သွားရင်းနဲ့ ဖြစ်သွားတာပါ။

သူတို့ညီအစ်ကိုအရင်းမှန်းတောင် ဘယ်သူမှမသိကြလို့ သည်အတိုင်းလူမသိ သူမသိပြီးသွားမှာ မဖြစ်စေချင်လို့ပါ” လို့ သူက လက်ရှိအခြေနေကို ပြောပါတယ်။

တိုက်ပေါ်မှ ခုန်ချခဲ့တဲ့ ဖြစ်စဉ်မှာ ကျဆုံးခဲ့သူတစ်ဦးဖြစ်တဲ့ မဝေဝေမြင့်ရဲ့ အမျိုးသားကလည်း အမျိုးသမီးရဲ့ နာရေးကို လိုက်ပို့ချိန်မှာ လိုက်ပါပို့ဆောင်သူမရှိတဲ့ အလောင်းသုံးလောင်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ရွှေပြည်သာမြို့နယ် ကျူချောင် သုဿန်ကို လာရောက် ပို့ဆောင်သွားတာကို မြင်တွေ့ခဲ့ရတယ်ဆိုပြီး သတင်းမီဒီယာ တချို့ကို ဖြေကြားထားပါတယ်။

စစ်ကောင်စီက ဩဂုတ်လ ၁၁ ရက် နေ့လည်ပိုင်း ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာတော့ အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦး နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့တယ်ဟုသာ အသိပေးထားပါတယ်။ သေဆုံးသူတွေထဲက အကြီးဖြစ်သူကိုဝေဇော်ထက်ဟာ network အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ ညီဖြစ်သူက ဒီဇိုင်နာတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

ညီဖြစ်သူကတော့ ယခင် ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့ဖူးတာတွေရှိပြီး ယခုဖုစ်စဉ်မှာ‌တော့ အစ်ကိုဖြစ်သူက ညီဖြစ်သူကို လိုက်ကူရင်းနဲ့ ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့ရတာလို့ အစ်ကိုဖြစ်သူနဲ့ အနီးကပ်ပေါင်းသင်းခဲ့သူ တစ်ဦးက BAP ကို ပြောပါတယ်

ထို့ပြင် ဝင်ရောက်စီးနင်းခံရစဉ်အတွင်း ဖမ်းဆီးခံရသူနှစ်ဦးရှိခဲ့ရာ ကိုကောင်းမင်းသန့် (ခ) Flex မှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ကျန်သူများမှာ တိုက်ပေါ်မှ ခုန်ချခဲ့ကြတာဖြစ်ပါတယ် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးတယ်ဆိုတဲ့ ကိုကောင်းမင်းသန့် (ခ) Flex နှင့် ပတ်သက်၍ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ လုံးဝဖော်ပြထားတာမရှိပါဘူး။

ပုံစာ- ကျဆုံးသူ ကိုဝေဇော်ထက် (အနီရောင် အင်္ကျီ) နှင့် ကိုယေံထက် (အင်္ကျီအနက်) ညီအစ်ကို နှစ်ဦး (ဓာတ်ပုံ- ပေးပို့)

Credit- Burma Associated Press