News

အွန်လိုင်းမှာ လူကြည့်များနေတဲ့ မုလအိဆံတော်ရှင် စေတီတော်ဘုရားမှာ လှေခါးက လမ်းလျောက်နေတဲ့ ရုပ်သံဖိုင်

အွန်လိုင်းမှာ လူကြည့်များနေတဲ့ မုလအိဆံတော်ရှင် စေတီတော်ဘုရားမှာ လှေခါးက လမ်းလျောက်နေတဲ့ ရုပ်သံဖိုင်

မုလအိဆံတော်ရှင်စေတီတော်မြတ်ကြီး ကြာအင်းဆိပ်ကြီးမြို့ ကရင်ပြည်နယ်

ကရင်ပြည်နယ်ကြီးရဲ့ကျက်သရေဆောင် မုလအိစေတီတော်၏ သမိုင်း နှင့် သာယာလှပလွန်းသော ရှုမျှော်‎ခင်းများအားမျှဝေလိုက်ပါသည်

မုလအိတောင် သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိသော တောင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂,၀၀၅ မီတာ (၆,၅၇၈ ပေ) မြင့်ပြီး တောင်ထိပ်တွင် ဆံတော်ရှင် မုလအိ၊ မုလအ စေတီတော် မြတ်ကြီးများကို ဖူးတွေ့နိုင်သည်​

သမိုင်းကြောင်း

✍️မဟာသက္ကရာဇ် ( ၁၁၁ )ခု ဘီစီ ( ၅၇၈ ) တွင် သုဝဏ္ဍဘူမိရဋ္ဌ သထုံဒေသကို အုပ်ချုပ်သော တိဿဓမ္မသီဟရာဇာမင်းသည် သုဓမ္မဝတီ သထုံပြည်သို့ ဘုရားရှင်ကြွရောက်တော်မူရာတွင် ကြီးကျယ်ထည်ဝါသော ပြဿဒ် ဇရပ်မဏ္ဍပ်တို့ကို တည်ဆောက်၍ ပူဇော်ကြလေသည်။

✍️ဒေသနယ်ပယ်အသီးသီးတို့မှ ရသေ့များကလည်း ဘုရားရှင်ကြွချီရာ သုဓမ္မဝတီ သထုံပြည်သို့ ကြွချီလာကြ၍ ဘုရားရှင်အား ဦးခိုက်ပူဇော်ကြလေသည်။ ဘုရားရှင်လည်း တရားဒေသနာဟောတော်မူပြီး၍ ရသေ့အပေါင်းတို့က ဘုရားရှင်ကိုယ်စား တစုံတရာသော ဓာတ်တော် မွေတော် ဆံတော်တို့ကို ပေးသနားတော်မူပါရန် လျှောက်ထားသောအခါ

ဦးခေါင်းထက်ဝယ်လက်ထိပ်တင်လျှက် ဆံတော်တို့ကို ပေးသနားတော်မူရာတွင် ကျိုက်ထီးရိုးတောင်၌ နေထိုင်သော တိရဿရသေ့၊ ဇွဲကပင်တောင်တွင်နေထိုင်သော သီဟရသေ့နည်းတူ မုလအိတောင် မူလတောင်တို့မှ နေထိုင်သော နုရဒရသေ့နှင့် ကပ္ပရသေ့တို့လည်း ဘုရားရှင်၏ ဆံတော် တစ်ဆူစီကို ကိုးကွယ်ခွင့် ရရှိကြလေသည်။

✍️မြတ်စွာဘုရားဆံတော်ကို ကိုးကွယ်ခွင့်ရရှိသော ကပ္ပရသေ့သည် မိမိတရားအားထုတ်သောတောင်၌ အကြီးအကျယ် တင့်တယ် ကောင်းမွန်စွာဌာပနာလိုသော ဆန္ဒ ရှိသဖြင့် ကျိတ်မြို့ကိုအစိုးရသော ကလာပုမင်း နှင့် တိုင်ပင်ရာ သဘောတူညီပြီး မဟာသက္ကရာဇ် ( ၁၁၄ ) ဘီစီ ( ၅၇၈ ) နတ်တော်လတွင်

အလှူအတန်း ပွဲလန်းသဘင်တို့ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ပြီးလျှင် ကပ္ပရသေ့ နှင့် ကလာပုမင်း ကိုယ်တိုင် ကြပ်မတ်၍ မုလအိ တောင်ထိပ်တွင် ကျောက်တုံး ကျောက်ခဲ အင်္ဂတေ သရွတ်တို့ဖြင့် သုတ်လိမ်းကာ ဌာပနာတိုက်ကို ပြုလုပ်ကြလေသည်။ ရွှေကြုတ်ဖြင့် ဆံတော်ကို ဌာပနာ၍ ဘုရားရှင်၏ကိုယ်ပွားရုပ်ထုတော်ကိုလည်း ဌာပနာ လေ၏။

ပြီးလျှင် ကပ္ပရသေ့ရုပ်ထု၊ ကုလာပုမင်းရုပ်ထုတို့ကို ရွှေပန်းငွေပန်းဖြင့် ပူဇော်ပြီးကျောက်၊ သံ၊ ပတ္တမြား မြောက်များစွာကို ဌာပနာကြလေသည်။

✍️ထိုသို့ ဌာပနာပြီးလျှင် တောင်ထိပ် ပြင်အကျယ်အားဖြင့် အနောက်အရပ် ၌ အတောင်လေးဆယ်တောင် နှင့် မြောက် အရပ် ၌ ၂၅ တောင် ကျယ်ဝန်းသော နေရာ၌ ဖိနပ်တောင် ၁၀ တောင်ဉာဏ်တော် ၁၅ တောင် ရှိသော ကျောက်စေတီတဆူ ကို တည်ထားကိုးကွယ်လေ၏။

✍️ဘုရားစေတီဘွဲ့တော်နာမည်သည် ကျိုက်မုလအိဟူ၍ အမည်တွင်လေ၏။ မြန်မာဘာသာအားဖြင့် အမြဲထင်ပေါ်သောဘုရား ဟူ၍ အဓိပ္ပာယ်ရသည်။

 

✍️မုလအိ စေတီတည်ရှိရာ တောင်ထိပ်သည် ၁၈၆၅ ခုနှစ်၌ နယ်ခြားမင်းကြီး လက်ဖတင်နင်ဖိုက်၏ တိုင်းတာချက်အရ ပင်လယ်ရေပြင်မှတောင်ထိပ် အထိ ပေပေါင်း ၆၀၀၀ ကျော်ရှိသည်ဟု သိရှိရလေသည်။ စေတီတည်ရှိရာ ရင်ပြင်မှာ ရှေ့နောက် ပေ ၆၀ကျော်ပြီး တောင်မြောက် ၃၈ ပေသာ ကျယ်ဝန်းသည်။

✍️မူလက မုလအိ စေတီ မှာ တစ်ဆူသာ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် စေတီငယ်တစ်ဆူ ထပ်မံတည်ဆောက်၍ မူလအိစေတီညီနောင်ဟူ၍ အမည်တွင်သည်။ မုလအိစေတီတည်ရှိရာတောင်ထိပ်ပေါ်သို့ တက်ရောက်ရန် အလွန်ကျဉ်းမြောင်းသောချောက်ကမ်းပါး တောင်စွယ်တစ်နေရာကို ဖြတ်ကျော်ရသည်။

ထိုနေရာသည် တောင်အောက်မှလေများ ပြင်းထန်စွာ တိုက်ခတ်သဖြင့် စိတ်အားငယ်နုနယ်သည့် အမျိုးသမီးတို့မှာ စေတီရှိရာတောင်ထိပ်ပေါ်သို့ မတက်ရောက် နိုင်ပဲအမျိုးသားတို့သာ တက်ရောက်နိုင်သည်။ ထို့ကြောင့် စေတီတော်မရောက်မှီ အမြင့်ပေ ၁၀၀ ကျော်၌ အမျိုးသမီးများ ဖူးမျှော်ရန်ကိုယ်စား စေတီ နှစ်ဆူကို တည်ထားပေးခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

✍️မုလအိစေတီတည်ရှိရာ တောင်ထိပ်သည် တောင်၊ ချောက်ကမ်းပါးယံ၌ အလွန်မတ်စောက်၍ အဆင်းခက်လှသောနေရာတွင် ဇော်ဂျီဖိုထိုးရာနေရာ တွင်းဂူကြီး ရှိလေသည်။ ခုထိတိုင် မည်သူတဦးတယောက်မျှ အရဲလွန် ၍ မဆင်းဝံ့ သေးချေ။

✍️မိန်းမစေတီတည်ရှိရာ အောက်ဖက် တောင်ကမ်းပါးတွင် ကိုရင်ကြီးဂူ တည်ရှိလေသည်။ လွန်ခဲ့သောနှစ် ၃ ၄ ဆယ် ကိုရင်ကြီး သီတင်းသုံးခဲ့ရာ ဂူထဲ၌ သေတ္တာ နှင့် သင်္ကန်း အပိုင်းစများကို တွေ့ရှိရသေးသည်။ ကျောက်သားအဖြစ်သာ တည်နေသည့် မုလအိတောင်ထွတ်၏ အဖြောင့်အတိုင်းသွားလျှင်အလွန်ထူဆန်းသော နတ်ဘီလူး တောင် တည်ရှိပြီးအရှေ့စူးစူး အရပ်တွင် မြန်မာ လေးတိုင် အထွာ ၈ မိုင် အကွာ၌ မုလအတောင်တော် တည်ရှိလေသည်။

✍️မုလအိစေတီတည်၍ မုလအိတောင်အမည်တွင်သော တောင်၏ ထူးဆန်းမှု တရပ်မှာသစ်ခွပန်း မျိုးစုံ ပေါက်၍ ဆေးဖက်ဝင်သောအပင်တို့လည်း များစွာ ရှိလေသည်။ သစ်မင်း သစ်မင်းရာဇာ၊ တောင်ကလယ် ဝေးစသည်တို့မှ တောလုံးနှံ့ ပေါက်ရောက်လျှက် သဇင်နီ၊ သဇင်ဖြူ ပန်းများစွာလည်း ထူးဆန်းစွာ ပေါက်ရောက်​နေသည်​

 

#မုလအိဘုရာဖူးလမ်းညွန်။

၁။ မြဝတီမြို့သို့ လာရပါမည်။

၂။ မြဝတီမြို့မှ မုလအိဆံတော်ရှင် စေတီတော် တောင်ခြေမုဒ်ဝ အထိ မိုင် ၆၀ ခရီးကို 4 Wheel Drive

အမြင့်ကားများဖြင့်သွားရပါသည်။

မြဝတီ-ဝေါလေ-စုကလိ လမ်းအတိုင်း သွားရပြီး မုလအိ တောင်ခြေမုဒ်ဝ အထိ ၃ နာရီခန့် မောင်းရပါသည်။

(မြဝတီမှ တောင်ခြေမုဒ်ဝအထိ ပြေးဆွဲ နေသော ဘုရားဖူးကားများရှိသည် / တောင်ပေါ်ထိ တိုက်ရိုက် ကားများ လည်း ရှိပါသည်။ ကားခ လူတစ်ဦး ထိုင်းဘတ် ၆၀၀ ခန့်ရှိသည်)

၃။တောင်ခြေ မုဒ်ဝမှ မုလရစ်တောင်ပေါ်ထိ ၁၃ မိုင်ခန့် တောင်တက် ခရီးကို ၂ နာရီခန့် ကားမောင်းရပါသည်။တောင်တက်ခရီး အမြင့် ပေ ၅၀၀၀ ဝန်းကျင်လောက်တွင် ထီးဖလောက် (နတ်ရေကန်) သို့ ရောက်ပြီး ခြေလက် မျက်နှာဆေးကြောသုတ်သင်ကာ ခေတ္တနား ပြီးမှ ဆက် တက်ကြပါသည်။(တောင်ခြေ မုဒ်ဝမှ တောင်ပေါ်သို့လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀၀ နှုန်းဖြင့် ပြေးဆွဲပေးနေသော တောင်တက်ကားများဖြင့်သာ သွားသင့်ပါသည်)

၄။ တောင်ပေါ်သို့ ကားရောက်လျင် မုလအိ စေတီကိုရောက်ဖို့ ၁၅ မိနစ်ခန့် ခြေလျင်ခရိးဖြင့် တောင်တက်ရပါသည်။ (ပထမဆုံးတွေ့ရသော စေတီသည် အမျိုးသမီးများဖူးမျှော် ရန်တည်ထ ားသော စေတီဖြစ်သည်။) မုလအိ စေတီကို အမျိုးသားများသာ တက်ရောက် ဖူးမျှော်နိုင်ပါသည်။

မုလအိတောင်ရဲ့ထူးခြားချက်

(၁) တောင်ထိပ်စေတီသည် ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ဋ္ဌာပနာပူဇော်ထားရှိခြင်း။

(၂) တောင်ပေါ်တက်လျှင် သက်သတ်လွတ်စားရပြီး အရက်သေစာသောက်စားခြင်း – ယူဆောင်ခြင်းမပြုရ၊ ချိုးဖောက်လျှင် တစ်ခုခုဖြစ်တတ်သည်။

(၃) တောင်ပေါ်တွင် အမျိုးသားဘုရားနှင့် အမျိုးသမီးဘုရားရှိပြီး သပ်သပ်ဖူးမြော်ရသည်။
အမျိုးသားနှင့် အမျိုးသမီးပေါင်းပြီး ဖူးမြော်လျှင် အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း။ လျှပ်စီးလက်ပြီး မိုးရွာချခြင်း။

(၄) အပြောအဆိုအမူအရာ တစ်ခုခုမှားခြင်း၊ အရက်သေစာသောက်စားခြင်း ပြုလုပ်ပါက တောကောင်ကြီးများ မထင်မှတ်ဘဲ ပေါ်လာပြီး လူကိုအန္တရာယ်ပြုတတ်ခြင်း။

(၅) တောင်ပေါ်သို့ သွယ်တန်းထားသော ရေပိုက်အား အမျိုးသမီးကိုင်တွယ်ခဲ့ပါက တောင်ပေါ်ရေမတက်ခြင်း။ ပြန်လည်တောင်းပန်မှ သုံး၊ လေးရက်ကြာမှ ရေပြန်တက်ခြင်း။

(၆) တောင်အောက် ရေထွက်နေရာသို့ အမျိုးသမီးသွားလာ၍ မရခြင်း။ တကယ်လို့သွားရောက်ခဲ့ပါက ရေထွက်ရှိမှု ခန်းခြောက်၍ ပြန်တောင်းပန်မှ ရေပြန်ထွက်ခြင်း။

(၇) တောင်ထိပ်တွင် သီတင်းသုံးရန် သမာဓိအားမကောင်းသော ရဟန်းများမမြဲခြင်း။

(၈) အရေးကြီး ပုဂ္ဂိုလ်များ လာရောက်ဖူးမြော်လျှင် ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းမရှိပါက တောင်ထိပ်မရောက်ခင် လျှပ်စီးလက်၍ အချိန်အခါမဟုတ် မိုးရွာချခြင်းတို့ဖြစ်ပါတယ်။

မုလအိ စေတီနှစ်ဆူ(အမျိုးသားဘုရားနဲ့ အမျိုးသမီးဘုရား) ရှိရာမှာ အမျိုးသားဘုရားကို အမျိုးသမီးများ ဖူးမြော်ခွင့်မရှိပါဘူး။ မုလအိစေတီအစစ်ကတော့ တောင်ထိပ်ပေါ်ကစေတီဖြစ်ပြီး ၊ အမျိုးသမီးဘုရားကတော့ တောင်ပေါ်ကမုလအိဘုရားကို အမျိုးသမီးတွေ တက်ခွင့်မရတော့ တောင်အောက်မှာ စေတီတစ်ဆူတည်ပြီး အမျိုးသမီးဘုရားလို့ ခေါ်ဝေါ်ကြတာပါ။

နှစ်စဉ် နှစ်တိုင်း တပေါင်းလပြည့်နေ့မှာ ဘုရားပွဲကျင်းပလေ့ရှိပါတယ်။ ထိုင်းနိုင်ငံသားအများအပြားလည်း ကိုးကွယ်ဆည်းကမ်းကြပါတယ်။ မုလအိဘုရားဟာ အမြင့်ပေ ၆၅၀၀ ကျော်ရှိတဲ့ တောင်ပေါ်မှာတည်ထားလို့ ကျိုက်ထီးရိုးဘုရားထက် နှစ်ဆကျော်မြင့်ပါတယ်။

ကျိုက်ထီးရိုးဘုရားရှိရာတောင်က ပေ ၃၀၀၀ ကျော်သာမြင့်ပါတယ်။ မိုးတွင်းအခါမှာတော့ လမ်းပန်းမသာလို့ လာရောက်ဖူးမြော်သူ ရှားပါးပါတယ်။ တိမ်တောင်တိမ်လိပ်တွေကြား သမိုင်း၀င် မုလအိဘုရားကို သွားရောက်ဖူးမြော်ချင်တယ်ဆိုရင် လမ်းပန်းသာတဲ့ ရာသီဥတုတွေမှာ သွားရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။