လပိုင်းအတွင်း အောင်မြင်မှုတွေကို ထူးခြားစွာ မြင်တွေ့ရမယ်…
မြန်မာပြည်တွင်းမှာ PDFနဲ့ EAO ပူးပေါင်းထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲအရှိန်အဟုန်မြင့်မားလာနေချိန်အတွင်း
PDF တွေက လက်နက်ခဲယမ်းလိုအပ်ကြောင်း အကျယ်အပျံ့ ထုတ်ဖေါ်ပြောဆိုနေကြပါတယ်။
NUG အနေနဲ့ မိမိတို့ PDF တွေနဲ့ ချိတ်ဆက်ကွပ်ကဲမှုပိုမိုကောင်းမွန်ဖို့ လိုအပ်နေပြီး တကယ်လို့သာ လိုအပ်တဲ့လက်နက်အရေအတွက်ကို အပြည့်အဝ မဟုတ်သည့်တိုင် တစုံတရာအတိုင်းအတာအထိ ရရှိလာမယ်ဆိုရင်
လပိုင်းအတွင်း မြန်မာပြည်ရဲ့ စစ်ရေးအခြေအနေဟာ အများကြီးပြောင်းလဲသွားမှာဖြစ်တယ်လို့ PDF ခေါင်းဆောင်တွေက ပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေအရှိန်မြင့်လာနေချိန်အတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်တောင်းဆိုမှုတွေ ကျယ်ကျယ်ပျံ့ပျံ့ ကြားနေရပါတယ်။
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း အခက်အခဲတွေကြားက သူတို့စွမ်းအားရှိသမျှဆောင်ရွက်နေတယ်၊ ရှေ့နှစ်အတွင်း တိုးတက်မှုတွေကို ထင်ထင်ရှားရှားမြင်ကြရပါလိမ့်မယ်လို့ ပြောထားပါတယ်။
“ ၂၀၂၂ နှစ်သစ်မှာ တော့ပြည်သူတော်လှန်ရေးရဲ့ အောင်ပွဲနဲ့ အဆုံးသတ်မယ့်အချိန်ကို ကျွန်တော်တို့ပြည်သူတစ်ရပ်လုံးလှမ်းပြီး တော့မြင်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ pdf တွေကလည်း ပိုအားကောင်းလာဖို့ရှိတယ်။
မဟာမိတ်တွေနဲ့ပူးပေါင်း ဆောင်ရွက်မှုကပိုပြီးတော့ အားကောင်းလာတယ်။
ရှေ့မှာ စစ်ရေးလှုပ်ရှားမှုတွေကလည်း ဗျူဟာမြောက်ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်။ ကျွန်တော်တို့စစ်ရေးအားသာချက်တွေကလည်း ပိုလို့ရရှိလာတယ်။
တစ်ဖက်မှာ နိုင်ငံတကာရဲ့အားပေး ကူညီမှု ကလည်းပိုပြီးရရှိမယ်လို့မျှော်လင့်ထားပါတယ်။
ဒါ့ကြောင့်အောင်ပွဲနဲ့အဆုံးသတ်မယ့်အချိန်ကိုတော့ လာမယ်နှစ်သစ်မှာ ကျွန်တော်တို့အားလုံး လှမ်းပြီးတော့ မြင်တွေ့နိုင်လိမ့်မယ်လို့ ကျွန်တော်အနေနဲ့ ပြောလိုရင်း ဖြစ်ပါတယ်။ ” လို့ ဦးရည်မွန်က ပြောပါတယ်။
တကသကျောင်းသားဟောင်း ကိုဇေယျာလွင် ဟာ အခု ကရင်ပြည်နယ်မှာတော်လှန်ရေးသမားတဦးဖြစ်နေပါပြီ။ သူဟာ NUG လက်အောက်ခံ ကျားဖြူတပ်ခွဲ ၂ ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
NUG ရဲ့ ဦးဆောင်မှုကိုသူယုံကြည်တယ်။ ဒါပေမယ့် NUG တောင်ပိုင်းတာဝန်ခံတွေမှာ အားနည်းချက်တွေရှိနေတယ်လို့ သူက ဝေဖန်ပါတယ်။
“ ငါတို့ကို NUG က ငါတို့ကာကွယ်ရေးဝန်ကြီးဌာနက တခုခုလုပ်ပေးပါတယ်ဆိုတာမျိုး ရဖို့ အင်မတန် လိုအပ်ပါတယ်လို့ ကျနော်မြင်တယ်။ တပ်ရင်းတွေက ၁၅ ရက်တခါ ရိက္ခာထုတ်ပေးတယ်၊
အဲဒီထုတ်ပေးရင် လိုက်လိုက်တောင်းနေရတာလဲ ပြသနာတခု။ တကယ်တမ်းကျတော့ တပ်ဖွဲ့စည်းမှု ပြီးသွားရင် တောင်ပိုင်းကနေ ၁၅ ရက်တခါ ဒီမှာ တပ်ရင်း ဘယ်လောက်ရှိတယ်၊ တပ်ခွဲ ဘယ်လောက်ရှိတယ် သူတို့သိနေတာပဲ။
သူတို့စာရင်းထဲမှာ၊ ဘယ်ရက်ဆို ပေးရတော့မယ် သိနေတာဘဲ။ ရက်နားနီးရင် remind လုပ်ပြီး အတိုးအလျှော့လုပ်ပြီး ချပေးရင်ရတယ်။ အခုက လိုက်တောင်းနေရတာ။
အဓိကက လောလောဆယ် ဆယ်မှာ လက်နက်က မရှိဘူး၊ လက်နက်မရှိတာကို NUG အနေနဲ့ ဒီတပ်မဟာ ၆ ထဲမှာ တပ်ရင်း ၅ ရင်းလောက်ရှိတယ်၊ တပ်ရင်း ၁ ရင်းကို ၂ လက်လောက် ပြန်မျှနိုင်ရင် အကောင်းဆုံးဘဲ။
ဘာဘဲဖြစ်ဖြစ် လောလောဆည်မှာ NUG က သူရှိသလောက်နဲ့ တပ်ရင်းတပ်ခွဲတွေကို မျှနေပါတယ်ဆိုတဲ့အသိစိတ်က ရဲဘော်တွေကို တကယ်အားဖြစ်စေတယ်၊ motivation ဖြစ်စေတယ်။
ထိတွေ့မှုလည်းမရှိဘူး စီမံခန့်ခွဲမှုကလည်း အားနည်းတယ် ထောက်ပံ့မှုကလည်း မလာတဲ့အခါမှာ ရဲဘော်တွေအနေနဲ့ NUG အပေါ်မှာ ကာကွယ်ရေးဝန်ကြီးဌာန အပေါ်မှာ ယုံကြည်မှုလျော့ကျတာတွေ အများကြီးဖြစ်စေတယ်။
အဲဒါတော့ ပကတိအခြေအနေဘဲ။ ”
ရန်သူ စကစ ရဲ့လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကို သူတို့ကောင်းကောင်းကျော်လွှားနိုင်တယ်၊
လက်နက်သာ အတော်အသင့် ရမယ်ဆိုရင် စစ်ရေးနိုင်ငံရေးအနေအထားဟာ ၆ လအတွင်းပြောင်းလဲသွားမှာ သေချာတယ်လို့လည်း သူက ပြောပါတယ်။
“ ကျနော်ဆို ရှေ့တန်းကို သွားနေတာဘဲ၊ လက်နက်ကြီး ပစ်ပစ်နေတယ်။ ကျနော်မေးကြည့်တယ် အဲဒါ ဘယ်ကိုပစ်နေတာလဲ၊ ငါတို့ကိုပစ်နေတာတဲ့။
ဟ- ငါတို့ကိုပစ်နေတယ်ပြောသေးတယ် ငါတို့က ဒီနားမှာဆိုတော့၊ သူတို့က နေရာမသိဘူး လျှောက်ပစ်နေတာတဲ့။ သူတို့ထက်ကျနော်တို့ သာတာက စိတ်ဓါတ်အင်အားပါ။
၂ လ လောက်သင်တန်းတက်ပြီး စစ်သားဖြစ်လာတဲ့ ရဲဘော်တွေက ဒီစစ်ကောင်စီရဲ့ စစ်သားတွေကို ကောင်းကောင်းရွံ့ရွံ့ချွန်ချွန် တော်လှန်တိုက်ခိုက်နိုင်တယ်။
ကျနော်တို့ရဲ့ လူအင်အား စိတ်ဓါတ်အင်အား စုစည်းမှုအင်အား အင်မတန်ကောင်းတယ်။
ဒီ တောင်ပိုင်းမှာ KNLA, KNDO အပါအဝင်ပေါ့နော် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေက တသားတည်းပူးပေါင်းပါဝင်ကြတယ်။
အဲဒီပူးပေါင်းမှုတွေအောက်မှာ ကျနော်တို့ PDF တွေက ခေါင်းစဉ်မရွေးဘဲနဲ့၊ သူတို့လက်မောင်းမှာ ဘက်တံဆိပ်မရွေးဘူး၊ ဦးထုပ်မှာ ဘက်တံဆိပ်မရွေးဘူး၊
လည်ပင်းမှာချည်းထားတဲ့ ပုဝါတံဆိပ်မရွေးဘဲနဲ့ စစ်ကောင်စီကို ရတဲ့နေရာက အကုန်တော်လှန်ကြမယ်ဆိုတဲ့စိတ်နဲ့ ပူးပေါင်းပါဝင်ကြတာ။
အတိုင်းအတာတခုလောက်အထိ လက်နက်သာ ကျနော်တို့ PDF တွေလက်ထဲ ရောက်သွားမယ်ဆိုရင် ၆ လလောက်အတွင်းမှာဘဲ စစ်ပွဲရဲ့အဖြေက အများကြီးပြောင်းလဲသွားနိုင်တယ်။ ”
စစ်ကိုင်းတိုင်းမှာလှုပ်ရှားနေတဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်ခေါင်းဆောင် ဗိုလ်နဂါးကလည်း NUG နဲ့သူတို့ချိတ်ဆက်မိပါပြီ။ လက်နက်ရဖို့ စောင့်နေတယ်လို့ ပြောပါတယ်။
“ စစ်ရေးပြင်းထန်တာနဲ့အမျှ ပြည်သူလူထုလည်း စစ်ဘေးဒဏ်ကို ခံကြရတယ်။ စစ်ပွဲမှာ အသက်စတေးလိုက်ရတဲ့ ရဲဘော်တွေလည်း ရှိတယ်။
ဒါပေမဲ့ ရှေ့ဆက်ပြီးတော့ ရဲရဲဝံ့ဝံံ တိုက်ပွဲဝင်နေကြပါတယ်။ တိုင်းပြည်အပေါ်မှာ လက်နက်ကိုင်အနိုင်ကျင့်တဲ့ ပြည်သူ့အပေါ် ရက်စက်ယုတ်မာတဲ့ အဖွဲ့အစည်းကို ရင်ဆိုင်တိုက်ခိုက်နေရတာဆိုတော့
ကျနော်တို့ အဓိက သူတို့ကိုအံတုနိုင်မယ့် လက်နက်ခဲယမ်းပေါ့လေ ကျနော်တို့လိုအပ်ချက်က။
NUG က လက်နက်ထောက်ပံ့နိုင်တဲ့အနေအထားက သူတို့ အစီအစဉ်ထဲမှာပါတဲ့အဖွဲ့တွေကိုဘဲ သူတို့ထောက်ပံ့ပေးတယ်ထင်ပါတယ်။
ကျနော်ကတော့ ထောက်ပံ့ပေးမယ်ဆိုတဲ့စကားလုံးတော့ ကြားရပါပြီ။ အဲဒီတော့ မျှော်လင့်လို့တော့ရနေပါပြီ အခုထိတော့ မရသေးဘူးပေါ့။ ကျနော်တို့မှာ လူအင်အားက ထောင်ချီရှိတယ်
ဒါပေမဲ့ ကျနော်တို့မှာ တူမီးတွေ နဲ့ လက်လုပ်သေနတ်တွေဘဲရှိတယ်။ ကျနော်တို့လက်ထဲမှာ သေနတ်အစစ်ကတော့ ကိုယ်တိုင်ဝယ်ထားတဲ့ လောလောဆည်ကိုင်တာ ဟိုနေ့က တိုက်ပွဲမှာ ၆ လက်ပါတယ်၊
ကျနော်တို့ကိုယ်တိုင် ဖန်တီးထားတဲ့ လက်နက်ကြီးတွေနဲ့ တိုက်ပွဲမှာတော့ အဲဒီပုံစံနဲ့ သွားနေတာပေါ့။ ”
သူကလည်း NUG နဲ့ PDF ၂ ဖက်လုံးမှန်တယ်၊ညှိနိုင်းဖို့လိုတယ်လို့ ကိုဇေယျာလွင် နည်းတူပြောပါတယ်။
“ NUG ကလည်း မပေးနိုင်သေးတာက ကျနော်တို့ မမြင်နိင်တဲ့ သူ့အခက်အခဲနဲ့သူ ရှိကောင်းရှိလိမ့်မယ်။ NUG က ကျနော်တို့ပြည်သူရဲ့ခေါင်းဆောင်ဖြစ်နေပြီ၊
ဒီတော်လှန်ရေးအတွက် ရှေ့ကနေ မားမားမတ်မတ် ရပ်လာတဲ့ အစိုးရတရပ်ဖြစ်တယ်။ အဲဒီတော့ တော်လှန်ရေးမှာလည်း ထိုက်သင့်တဲ့ ချိတ်ဆက်ပံ့ပိုးမှုတွေ နဲ့ ဦးဆောင်မှုတွေ ရှိနေသင့်တယ်၊
လိုအပ်တဲ့လက်နက်တွေ တပ်ဆင်ပေးသင့်တယ်ဆိုတဲ့ PDF တွေဘက်က မြင်နေတဲ့အမြင်ကလည်း မမှားဘူး မှန်နေတာပဲ။
အဲဒီ အမှန်တရား ၂ ခုကြားမှာ နှစ်ဦးနှစ်ဘက် ညှိနိုင်းပြီးတော့ ဒါကို အဆင်ပြေဆုံးဖြစ်အောင် လုပ်ရမှာပဲ၊ ကျနော်လဲ လိုချင်နေပြီ ရချင်နေပြီ အားမရဘူး။ ”
အင်အားထောင်ချီရှိတဲ့ သူတို့အဖွဲ့မှာ တပ်သားတဝက်လောက်ကိုသာ လက်နက်တပ်ဆင်နိုင်ရင်
ချင်းတွင်းမြစ်အနောက်ဖက်ခြမ်းဟာ မြန်မာပြည်ရဲ့ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာနိုင်တယ်လို့လည်း ဗိုလ်နဂါးက ပြောပါတယ်။
“ အဲဒီ သေနတ် အလက် ၅ဝဝ လောက်သာတကယ်ရမယ်ဆိုရင် ကျနော်တို့ ဒီ ချင်းတွင်းမြစ်ရဲ့ အနောက်ဘက်ခြမ်းကို ကျနော်တို့ပြည်သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေတဲ့ အစိုးရ နဲ့
ကျနော်တို့ တိုင်းပြည်အတွက် ပထမဆုံး လွတ်မြောက်နယ်မြေ ကျနော်တို့ ဖန်တီးပေးနိုင်တယ် အဲဒါ အာမ ခံတယ်။ အဲဒီထဲမှာ ကျနော်တို့ လေယာဉ်ပစ် ၂ ခုလောက်တော့ ရချင်တယ် အနည်းဆုံး။
ကျနော်က ဒါအပေါ်ယံပြောတာမဟုတ်ဘူး ကျနော့်အဖွဲ့ ကျနော် ယုံကြည်တယ်။ လက်နက်နဲ့ပတ်သက်ပြီး ဆိုးကျိုးတွေလည်း လုံးဝအနည်းဆုံးဖြစ်အောင် ကျနော်စီမံကွပ်ကဲနိုင်တယ်။ ”
ပြည်သူနဲ့ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီးလင်းထက်အောင် ကတော့ မြန်မာပြည်သူတွေဟာ လက်နက်မဲ့တော်လှန်ရေးကနေ လက်နက်ကိုင်တော်လှန်ရေးကို ကူးပြောင်းခဲ့ရတာဖြစ်လို့
မလွဲသာတဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရမှာပဲလို့ ဝေဖန်ပါတယ်။
“ နိုင်ငံအနှံ့ စစ်ကောင်စီတွေရဲ့ ထိန်းချုပ်မှုတွေလည်းရှိတယ်၊ ကျနော်တို့ရဲ့ အထောက်အကူလမ်းကြောင်းတွေကို သူတို့အနေနဲ့ နှောက်ယှက်တာတွေလည်းရှိတယ်။
ကျနော်တို့အနေနဲ့ ခက်ခဲမှုတွေအများကြီးကြားက လက်နက်ဆိုတာ ဒီမြေပြင် PDF တပ်ဖွဲ့တွေအနေနဲ့ ရအောင် ဖန်တီးနေရတဲ့အနေအထား၊
NUG အနနဲ့ကလည်း သူတို့ရဲ့လုပ်နိုင်စွမ်းအနေအထား နဲ့ လုပ်နေတယ်လို့ဘဲ ကျနော်မြင်တယ်။
ဖြစ်နိုင်ရင်တော့ တော်လှန်ရေးကို တနိုင်ငံလုံးကပြည်သူတွေ အားလုံးကတော့ အမြန်ဆုံးနိုင်ချင်ကြတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မြေပြင်အခြေအနေနဲ့ လက်ရှိ လုပ်နိုင်စွမ်းကို နားလည်ဖို့ လိုမယ်လို့ ကျနော်ထင်တယ်။
နောက်ပြီး လက်နက်တလက်ဆိုတဲ့ ဈေးနှုန်းကလည်း နဲနဲနနောနော မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ကျနော်တို့က အခြေအနေတခုကို ပြောင်းလဲလာပါပြီ။
အရင်တုန်းက တုတ်သေနတ်တွေနဲ့ လေ့ကျင့်နေတဲ့အနေအထားကနေ အခုအချိန်မှာ ရိုင်ဖယ်သေနတ်တွေကို ကိုင်နိုင်တဲ့အနေအထားကို ရောက်လာပြီ။
ဒီရိုင်ဖယ်သေနတ်တွေ နဲ့ မိုင်းတွေ နဲ့ ပေါင်းစပ်ပြီး တိုက်ခိုက်မှုတွေကလည်း တချို့နေရာတွေမှာ အောင်မြင်မှုရတယ်။ ကျနော်တို့က အခုအချိန်က လေ့ကျင့်ပြင်ဆင်ရင်း နဲ့ တိုက်ဆိုတဲ့ အချိန်တခုကို ရောက်နေတာပါ။
မြေပြင် PDF တွေအနေနဲ့ တိုက်ချင်နေတဲ့ စိတ်ကို ကျနော်တို့ နားလည်ပါတယ်။
ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးပဲ ပြည်သူတွေရော အကုန်လုံးက ဒီအခြေအနေကို ဖြည့်ဆည်းနေတဲ့ကာလမို့ သည်းခံနားလည်ပါလို့ ကျနော်ပြောချင်ပါတယ်။”
တော်လှန်ရေးသမားအားလုံးက လက်နက်လိုအပ်ချက်ကိုသာ တစုံတရာအတိုင်းအတာအထိ ဖြေရှင်းနိုင်မယ်ဆိုရင် ရှေ့နှစ်အတွင်း စစ်ကောင်စီရဲ့ ကျဆုံးမှုတွေကို
မြန်မာပြည်သူတရပ်လုံး ထင်ထင်ရှားရှားမြင်ရလိမ့်မယ်လို့ပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။
Credit – Rfa