ပညာပေး

ထံုးတို႔၊ မီးေသြးတို႔၊ မွ်စ္တို႔မ်ား ဝယ္ရင္ ဘယ္ေတာ့မွ ေစ်းမဆစ္ပါနဲ႔ဗ်ာ…

ထံုးတို႔၊ မီးေသြးတို႔၊ မွ်စ္တို႔မ်ား ဝယ္ရင္ ဘယ္ေတာ့မွ ေစ်းမဆစ္ပါနဲ႔ဗ်ာ…

ကိုယ့္အေဖလည္း ေျပာဖူးတယ္…ထုံးတို႔မီးေသြးတို႔ မွ်စ္တို႔မ်ား ဘယ္ေတာ့မွ ေဈးမဆစ္ပါနဲ႔ သမီးရယ္တဲ့ မဝယ္ႏိုင္ရင္ မဝယ္ပဲေနလိုက္ပါတဲ့။

ထုံးဖုတ္ မီးေသြးဖုတ္အလုပ္ဆိုတာ ပူပူေလာင္ေလာင္နဲ႔ လုပ္ကိုင္ရလို႔ သိပ္ပင္ပန္းဆင္းရဲၾကတာ ကိုယ္ခ်င္းစာပါသမီးရယ္တဲ့။

”မဆစ္နဲ႔” ေမာင္စိန္ဝင္း (ပုတီးကုန္း) နဲ႔ ပက္သက္လို႔ ေဖေဖ့စိတ္ထဲမွာ စြဲသြားတာေလးတခုက “မဆစ္နဲ႔” ဆိုတဲ့ စကားေလး သမီးရဲ႕။

ဟုတ္တယ္ သူေျပာဖူးတယ္… ” မဆစ္နဲ႔”လို႔။

ခရီးတစ္ခုေတာ့ ခရီးတစ္ခုပဲ သမီးရဲ႕။ မေကြးဘက္လား၊ မုံ႐ြာဘက္လား၊ ဒါမွမဟုတ္ မတၱရာဘက္လား၊ ေဖေဖ ေကာင္းေကာင္း မမွတ္မိေတာ့ဘူး။

အေဝးေျပးကားႀကီးနဲ႔ သြားၾကရာက တစ္ေနရာ ကားခဏ ထိုးရပ္လိုက္တဲ့အခါ ေရသန႔္ဘူးေရာင္းတဲ့ ကေလးမ ကေလးတစ္ေယာက္ ကားအနားကို ကပ္လာပါေလေရာလို႔ ဆိုပါေတာ့။ ေရခဲစိမ္ထားလို႔ ထင္ပါရဲ႕၊

သူ႔လက္ထဲက ေရသန႔္ဘူး သုံးေလးဘူးဟာ ေရေတြသီးလို႔ ျခစ္ျခစ္ေတာက္ေအာင္ ပူတဲ့ အညာေနရဲ႕ ေအာက္မွာ “ေရသန႔္ဘူး၊ ေရသန႔္ဘူး” ဆိုတဲ့ အသံေလးဟာ စာ ေနတာပဲ။

နဂိုမူလ ညိဳတဲ့ အသားကေလးဟာ ေနအရွိန္မွာ ေျခာက္ႏြမ္းလို႔ေပါ့။ ထုံးစံအတိုင္း ဆရာခ်စ္ဦးညိဳက ေရသန႔္ဘူးဝယ္ဖို႔ ျပင္ဆင္ပါတယ္ ဟဲ့ သမီးေလး ေရသန႔္ဘူး ဘယ္ေလာက္လဲ ဘာညာေပါ့။

ကေလးမကေလးက သုံးရာ တဲ့။ သည္တုန္းက ေရသန႔္ဘူးေဈးက ႏွစ္ရာေလာက္ပဲ ရွိတဲ့အခ်ိန္၊ သုံးရာဆိုေတာ့ နည္းနည္းေလး မ်ားသလိုလိုေတာ့ ရွိတာေပါ့ အဲသည္မွာ ဆရာခ်စ္ဦးညိဳက ဆစ္ေတာ့တာပါ။

သမီးေလး မ်ားတယ္ဟဲ့တဲ့ ၊ ႏွစ္ရာ့ငါးဆယ္ထားတဲ့။ သူကလည္း ဘာရယ္လို႔ မဟုတ္ပါဘူး၊ ဆစ္ေနက်မို႔ လို႔ပဲလား ကေလးမေလးကို က်ီစားခ်င္လို႔ပဲလား တစ္ခုခုေၾကာင့္ ဆစ္လိုက္ပုံ ရပါတယ္။

အဲသည့္အခ်ိန္မွာေမာင္စိန္ဝင္း(ပုတီးကုန္း) ရဲ႕ အသံထြက္လာတာပါ။

” ငခ်စ္ … မဆစ္နဲ႔ကြ” တဲ့။သူတို႔အခ်င္းခ်င္း ခ်စ္စႏိုး စကားဆိုတဲ့အခါ ေမာင္စိန္ဝင္း (ပုတီးကုန္း) ကို ဂြစာတဲ့၊ ဆရာခ်စ္ဦးညိဳကို ငခ်စ္တဲ့ အျပန္အလွန္ ေခၚေနၾကမို႔ ေဖေဖတို႔ကေတာ့ နားယဥ္ၿပီးသားပါ။

ထား… အဲတာက အေရးမႀကီးလွပါဘူး။ မဆစ္နဲ႔ဆိုတာက အေရးႀကီးတာပါ။

နင္လား ငါလား အေနအထားနဲ႔ ဘဝကို က်ားကုတ္က်ားခဲ ႐ုန္းကန္ေနတဲ့ ကေလးေတြကို ပိုက္ဆံကေလး ငါးဆယ္တစ္ရာ မ်ားသြား႐ုံနဲ႔ မဆစ္နဲ႔လို႔ လွမ္းတားလိုက္တာက အေရးႀကီးတာပါ။

သည္လို သေဘာထားမ်ိဳးကို ေဖေဖ သိပ္ႀကိဳက္သြားတယ္။ ဆရာခ်စ္ဦးညိဳကလည္း သိပ္ႀကိဳက္သြားပုံ ရပါတယ္။

ေအးပါကြာ ေအးပါကြာလို႔ ဆိုၿပီး ကေလးမေလးေျပာတဲ့အတိုင္း ေရသုံးေလးဘူး ေပးဝယ္လိုက္ေတာ့တာပါ..၊

အရပ္ထဲမွာ တစ္ပုလင္း ၁၅၀၀ ထက္ မပိုတဲ့ ဘီယာပုလင္းကို ေလဆိပ္ထဲက ျပည္ပထြက္ခြာ အခန္းထဲမွာ ၅၀၀၀ ေပးၿပီး ေသာက္ခဲ့ရဖူးပါတယ္။

အရပ္ထဲမွာ ၆၀၀ ေလာက္ပဲ တန္တဲ့ ဘီယာဘူးကို ေလယာဥ္ေပၚမွာ ၁၅၀၀ ေပးၿပီး ေသာက္ခဲ့ရဖူးပါတယ္။ ေရေႏြးၾကမ္းတစ္ခြက္ ၅၀၀ လည္း ေဖေဖတို႔ ေသာက္ခဲ့ၾကရတာပဲ မဟုတ္လား။

သူ႔ေနရာ သူ႔ေဒသအလိုက္ အဟန႔္နဲ႔ အခန႔္နဲ႔ ေတာင္းဆိုတဲ့ ႏႈန္းေတြကိုေတာင္ ေဖေဖတို႔ ဆစ္ခြင့္မရဘဲ စားသုံးခဲ့ၾကတာပဲ ဥစၥာ။

ဘာျဖစ္လို႔ မိုးထဲေလထဲက ႐ုန္း႐ုန္းကန္ကန္ ဘဝေတြကို ဘာေၾကာင့္မ်ား တိတိက်က်ႀကီး ဆစ္ေနေတာ့မွာလည္း။

ေဖေဖ့ အသိတစ္ေယာက္ ဂ်ာနယ္ဝယ္ပုံကေလးကလည္း စိတ္ဝင္စားစရာ ေကာင္းတယ္ မီးပြိဳင့္မိလို႔ ဂ်ာနယ္သမားေလးေတြ ေရာက္လာတဲ့အခါ ဝယ္ေတာ့တာပဲ။

၇၀၀ တဲ့။ ရပ္ကြက္ထဲမွာ ၆၀၀ သမီးရဲ႕။ သူက ကိုယ္လည္း ဆင္းရဲေနတာမွ မဟုတ္တာဗ်ာ တဲ့။ ကားလမ္းေပၚမွာ ရပ္ေနရရွာတာက ၁၀၀ မက တန္ပါတယ္တဲ့။ ။ တမင္တကာ အားေပးတာပါတဲ့။

ရပ္တည္မႈေလး နည္းနည္း အသက္ရႉေခ်ာင္ပါေစေပါ့။

တစ္ခါက ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ မိန္းမ႐ြယ္ကေလးတစ္ဦး ေဖေဖတို႔အိမ္တံစက္ၿမိတ္မွာ ေျပာင္းဖူးျပဳတ္ေတာင္းကိုခ်ေတာ့ တိုတိုကေလး ညႇပ္ထားတဲ့ သူ႔ဆံပင္ေလးေတြကို ၾကည့္ၿပီး ေမးမိတယ္။ ဆံပင္ေတြ ညႇပ္ထားတာလားေပါ့။

သူက ေျပာင္းဖူးျပဳတ္ေတာင္းက ပူလို႔တဲ့ ဆံပင္ေတြ ကြၽတ္လြန္းလို႔ ညႇပ္ထားတာတဲ့။

အဝတ္စကို ဖယ္တဲ့အခါ ေျပာင္းဖူးျပဳတ္ေတြဆီကေန အေငြ႕ေလးေတြ ထြက္လာေတာ့ ေဖေဖ့ရင္ထဲမွာ နာလိုက္တာ။ ဘယ္ေတာ့မွ မဆစ္ဘူး..

မဆစ္ခ်င္ဘူး။ မဆစ္ရက္ဘူး ဘဝတစ္ဝမ္းတစ္ခါးကို ေျခကုန္လက္ပန္းက်မတတ္ ကူးခတ္ေနရတဲ့သူေတြ ရွိပါတယ္။

သူတို႔ကို ဘယ္ေတာ့မွ ေဖေဖ မဆစ္ခ်င္ေတာ့ဘူး။ ပိုသြားပါေစ သမီးရယ္။ သာသြားပါေစ။

ကားအေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။ အိမ္အေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။

လက္ဝတ္လက္စား အေရာင္းအဝယ္က်ေတာ့ ဆစ္ခ်င္ဆစ္ေပါ့။ေခြၽး ကို ဆစ္ဖို႔ရာ ခက္လြန္းပါတယ္။

ဆရာ ေမာင္သာခ်ိဳ

Unicode Version

ထုံးတို့၊ မီးသွေးတို့၊ မျှစ်တို့များ ဝယ်ရင် ဘယ်တော့မှ ဈေးမဆစ်ပါနဲ့ဗျာ…

ကိုယ့်အဖေလည်း ပြောဖူးတယ်…ထုံးတို့မီးသွေးတို့ မျှစ်တို့များ ဘယ်တော့မှ ဈေးမဆစ်ပါနဲ့ သမီးရယ်တဲ့ မဝယ်နိုင်ရင် မဝယ်ပဲနေလိုက်ပါတဲ့။

ထုံးဖုတ် မီးသွေးဖုတ်အလုပ်ဆိုတာ ပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့ သိပ်ပင်ပန်းဆင်းရဲကြတာ ကိုယ်ချင်းစာပါသမီးရယ်တဲ့။

”မဆစ်နဲ့” မောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာ စွဲသွားတာလေးတခုက “မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။

ဟုတ်တယ် သူပြောဖူးတယ်… ” မဆစ်နဲ့”လို့။

ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေ ကောင်းကောင်း မမှတ်မိတော့ဘူး။

အဝေးပြေးကားကြီးနဲ့ သွားကြရာက တစ်နေရာ ကားခဏ ထိုးရပ်လိုက်တဲ့အခါ ရေသန့်ဘူးရောင်းတဲ့ ကလေးမ ကလေးတစ်ယောက် ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ ထင်ပါရဲ့၊

သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့ ခြစ်ခြစ်တောက်အောင် ပူတဲ့ အညာနေရဲ့ အောက်မှာ “ရေသန့်ဘူး၊ ရေသန့်ဘူး” ဆိုတဲ့ အသံလေးဟာ စာ နေတာပဲ။

နဂိုမူလ ညိုတဲ့ အသားကလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။ ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ် ဟဲ့ သမီးလေး ရေသန့်ဘူး ဘယ်လောက်လဲ ဘာညာပေါ့။

ကလေးမကလေးက သုံးရာ တဲ့။ သည်တုန်းက ရေသန့်ဘူးဈေးက နှစ်ရာလောက်ပဲ ရှိတဲ့အချိန်၊ သုံးရာဆိုတော့ နည်းနည်းလေး များသလိုလိုတော့ ရှိတာပေါ့ အဲသည်မှာ ဆရာချစ်ဦးညိုက ဆစ်တော့တာပါ။

သမီးလေး များတယ်ဟဲ့တဲ့ ၊ နှစ်ရာ့ငါးဆယ်ထားတဲ့။ သူကလည်း ဘာရယ်လို့ မဟုတ်ပါဘူး၊ ဆစ်နေကျမို့ လို့ပဲလား ကလေးမလေးကို ကျီစားချင်လို့ပဲလား တစ်ခုခုကြောင့် ဆစ်လိုက်ပုံ ရပါတယ်။

အဲသည့်အချိန်မှာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ အသံထွက်လာတာပါ။

” ငချစ် … မဆစ်နဲ့ကွ” တဲ့။သူတို့အချင်းချင်း ချစ်စနိုး စကားဆိုတဲ့အခါ မောင်စိန်ဝင်း (ပုတီးကုန်း) ကို ဂွစာတဲ့၊ ဆရာချစ်ဦးညိုကို ငချစ်တဲ့ အပြန်အလှန် ခေါ်နေကြမို့ ဖေဖေတို့ကတော့ နားယဉ်ပြီးသားပါ။

ထား… အဲတာက အရေးမကြီးလှပါဘူး။ မဆစ်နဲ့ဆိုတာက အရေးကြီးတာပါ။

နင်လား ငါလား အနေအထားနဲ့ ဘဝကို ကျားကုတ်ကျားခဲ ရုန်းကန်နေတဲ့ ကလေးတွေကို ပိုက်ဆံကလေး ငါးဆယ်တစ်ရာ များသွားရုံနဲ့ မဆစ်နဲ့လို့ လှမ်းတားလိုက်တာက အရေးကြီးတာပါ။

သည်လို သဘောထားမျိုးကို ဖေဖေ သိပ်ကြိုက်သွားတယ်။ ဆရာချစ်ဦးညိုကလည်း သိပ်ကြိုက်သွားပုံ ရပါတယ်။

အေးပါကွာ အေးပါကွာလို့ ဆိုပြီး ကလေးမလေးပြောတဲ့အတိုင်း ရေသုံးလေးဘူး ပေးဝယ်လိုက်တော့တာပါ..၊

အရပ်ထဲမှာ တစ်ပုလင်း ၁၅၀၀ ထက် မပိုတဲ့ ဘီယာပုလင်းကို လေဆိပ်ထဲက ပြည်ပထွက်ခွာ အခန်းထဲမှာ ၅၀၀၀ ပေးပြီး သောက်ခဲ့ရဖူးပါတယ်။

အရပ်ထဲမှာ ၆၀၀ လောက်ပဲ တန်တဲ့ ဘီယာဘူးကို လေယာဉ်ပေါ်မှာ ၁၅၀၀ ပေးပြီး သောက်ခဲ့ရဖူးပါတယ်။ ရေနွေးကြမ်းတစ်ခွက် ၅၀၀ လည်း ဖေဖေတို့ သောက်ခဲ့ကြရတာပဲ မဟုတ်လား။

သူ့နေရာ သူ့ဒေသအလိုက် အဟန့်နဲ့ အခန့်နဲ့ တောင်းဆိုတဲ့ နှုန်းတွေကိုတောင် ဖေဖေတို့ ဆစ်ခွင့်မရဘဲ စားသုံးခဲ့ကြတာပဲ ဥစ္စာ။

ဘာဖြစ်လို့ မိုးထဲလေထဲက ရုန်းရုန်းကန်ကန် ဘဝတွေကို ဘာကြောင့်များ တိတိကျကျကြီး ဆစ်နေတော့မှာလည်း။

ဖေဖေ့ အသိတစ်ယောက် ဂျာနယ်ဝယ်ပုံကလေးကလည်း စိတ်ဝင်စားစရာ ကောင်းတယ် မီးပွိုင့်မိလို့ ဂျာနယ်သမားလေးတွေ ရောက်လာတဲ့အခါ ဝယ်တော့တာပဲ။

၇၀၀ တဲ့။ ရပ်ကွက်ထဲမှာ ၆၀၀ သမီးရဲ့။ သူက ကိုယ်လည်း ဆင်းရဲနေတာမှ မဟုတ်တာဗျာ တဲ့။ ကားလမ်းပေါ်မှာ ရပ်နေရရှာတာက ၁၀၀ မက တန်ပါတယ်တဲ့။ ။ တမင်တကာ အားပေးတာပါတဲ့။

ရပ်တည်မှုလေး နည်းနည်း အသက်ရှူချောင်ပါစေပေါ့။

တစ်ခါက ပြောင်းဖူးပြုတ်ရောင်းတဲ့ မိန်းမရွယ်ကလေးတစ်ဦး ဖေဖေတို့အိမ်တံစက်မြိတ်မှာ ပြောင်းဖူးပြုတ်တောင်းကိုချတော့ တိုတိုကလေး ညှပ်ထားတဲ့ သူ့ဆံပင်လေးတွေကို ကြည့်ပြီး မေးမိတယ်။ ဆံပင်တွေ ညှပ်ထားတာလားပေါ့။

သူက ပြောင်းဖူးပြုတ်တောင်းက ပူလို့တဲ့ ဆံပင်တွေ ကျွတ်လွန်းလို့ ညှပ်ထားတာတဲ့။

အဝတ်စကို ဖယ်တဲ့အခါ ပြောင်းဖူးပြုတ်တွေဆီကနေ အငွေ့လေးတွေ ထွက်လာတော့ ဖေဖေ့ရင်ထဲမှာ နာလိုက်တာ။ ဘယ်တော့မှ မဆစ်ဘူး..

မဆစ်ချင်ဘူး။ မဆစ်ရက်ဘူး ဘဝတစ်ဝမ်းတစ်ခါးကို ခြေကုန်လက်ပန်းကျမတတ် ကူးခတ်နေရတဲ့သူတွေ ရှိပါတယ်။

သူတို့ကို ဘယ်တော့မှ ဖေဖေ မဆစ်ချင်တော့ဘူး။ ပိုသွားပါစေ သမီးရယ်။ သာသွားပါစေ။

ကားအရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ အိမ်အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။

လက်ဝတ်လက်စား အရောင်းအဝယ်ကျတော့ ဆစ်ချင်ဆစ်ပေါ့။ချွေး ကို ဆစ်ဖို့ရာ ခက်လွန်းပါတယ်။

ဆရာ မောင်သာချို