ကြားသိရသမျှ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ထမင်းလွတ် မရူးရုံတမယ်ပဲ…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ထမင်းလွတ် မရူးရုံတမယ်ပဲ…

မင်းအောင်လှိုင် ထမင်းလွတ် မရူးရုံတမယ်

ကွမ်းလေးတမြုံ့မြုံ့နဲ့ တကိုယ်တော် စစ်တုရင်ထိုးနေရတာကို တော်တော်ခံတွင်းတွေ့ခဲ့ပုံပါပဲ။ သူက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြတ်ပြတ်သားသား ရက်စက်တယ်။

သူ့အနီးဝန်းကျင်က စစ်ဗိုလ်ချုပ်တွေကို မျက်ခြည်မပြတ် စောင့်ကြည့်၊ ဘယ်ကောင့်ကို ဖြုတ်ဖို့ ဘယ်သူ့ကို စင်တင်ရတော့မယ်၊ စသဖြင့်။ အတိုး အဆုတ်၊ အမြှောက် အစားတွေကို အရသာခံလို့။

ပြည်သူတို့ရဲ့ ရန်သူတော်နံပါတ်တစ်စာရင်းဝင် ဒုတိယအာဏာရှင် သန်းရွှေ။

ဘယ်တော့မှ နေမဝင်ဘူးလို့ ထင်ထားခဲ့တဲ့ နေဝင်းကို သုတ်သင်လိုက်ရုံတင်မက တိုင်းပြည်ဘဏ္ဍာ ငါ့တယောက်တည်းအတွက်သာ ဆိုတဲ့ အစဉ်အလာကိုလည်း ရိုက်ချိုးကာ လုပ်ပိုင်ခွင့်ရှိသလောက်

လာဘ်စားခွင့်ကို အာဏာရှင်စနစ်ထဲ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ခဲ့သူလည်း ဖြစ်တယ်။ စားသင့်သလောက်တော့ စား၊ ငါ့ထက်ပိုမစားနဲ့၊ ငါ့ကိုတော့ ခြေရာလာမတိုင်းနဲ့ ဆိုတာမျိုး။

သန်းရွှေက မီဒီယာနဲ့လည်း ပတ်သက်လေ့မရှိဘူး။ လူတွေကြားထဲ ဝင်ထွက်သွားလာတာ မျိုးကိုလည်း ပျော်ပိုက်ပုံမရဘူး။ နိုင်ငံတကာ လျှောက်သွားတာမျိုးလည်း မရှိဘူး။

သူ့ရဲ့ရှေ့မှာ ခင်ညွန့်ကို တည်ထားတယ်။ ခင်ညွန့်ရဲ့ ဇာတ်ဆန်တဲ့ မိန့်ခွန်းပြောဟန်တွေကို ထိုင်ကြည့်ခဲ့တယ်။

သံခင်းတမန်ခင်းတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေ ခင်ညွန့်ဘာသာလုပ်။ မလိုအပ်ဘဲ ရှေ့မထွက်ဘူး ဆိုတာမျိုး။

သူ့ဘာသာ လျှို့လျှို့ဝှက်ဝှက်၊ လျှို့ဝှက်စွာ နေထိုင်ခြင်းနည်းနဲ့ သူ့အပေါ် စိတ်ဝင်စားမှုရှိအောင် ဆွဲဆောင်တယ်လို့ ထင်ရတယ်။

ရက်စက်တဲ့နေရာမှာတော့ သူ့အရင် နေဝင်းကို နောက်ကောက်ကျစေခဲ့တာလည်း သေချာတယ်။

ဒါပေမဲ့ လမ်းဘေးလူမိုက်တယောက် မထင်ရင် မထင်သလို လမ်းမပေါ်တက် အော်ဟစ်ကြိမ်းမောင်း မိုက်ဂုဏ်ပြတာမျိုး မဟုတ်ဘဲ သွေးအေးအေးနဲ့ ရက်စက်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး ဆိုတာမျိုး။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထားလိုက်။ နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် တုံ့ပြန်လာချိန်မှာ ဆက်ဆံရေးဝန်ကြီးလောက် သွားတွေ့ခိုင်းပြီး

မြန်မာ့အလင်း၊ ကြေးမုံသတင်းစာထဲ တိုတိုတုတ်တုတ်သတင်းနဲ့ ဓာတ်ပုံသေးသေးတကွက်လောက် ဖော်ပြလိုက်နဲ့ နိုင်ငံတကာဖိအားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါးပါးနပ်နပ် အတိုးအဆုတ်လုပ်ခဲ့တယ်။

သန်းရွှေဟာ တိုင်းပြည်ကို အကြီးအကျယ် ဖျက်ဆီးခဲ့သလောက် သူသွားချင်တဲ့ စစ်တပိုင်း ဒီမိုကရေစီအထိ ရောက်အောင်သွားခဲ့ပြီး မအောင်မြင်တဲ့ စစ်တပိုင်းဒီမိုကရေစီအဖြစ် ကန့်လန့်ကာ နောက်ကွယ်မှာ ကျဆုံးခဲ့တယ်။

သန်းရွှေ စင်တင်လိုက်တဲ့ မင်းအောင်လှိုင်ကရော ဘယ်လိုပါလဲ။ ရက်စက်တဲ့နေရာနဲ့ ကိုယ်ကျိုးစီးပွား ကြည့်တဲ့နေရာမှာ ဆရာထက် တပည့် လက်စောင်းထက်သလောက် အမူအကျင့်တွေက သန်းရွှေနဲ့ လုံးဝကွဲလွဲနေတာ တွေ့ရတယ်။

ဘယ်ကစ ကွဲလွဲနေတာလဲ ဆိုတော့ မင်းအောင်လှိုင်ဟာ သန်းရွှေလို ခပ်ဆိတ်ဆိတ် မနေတတ်တာက စလို့ပါပဲ။

မင်းအောင်လှိုင်ရဲ့ ငယ်ဘဝရည်မှန်းချက်ဟာ ဇာတ်မင်းသား ဖြစ်ခဲ့ချင်ပုံ၊ မျက်နှာရူး။ အစည်းအဝေးခန်းထဲ မဝင်ခင် မှန်ရှေ့ မျက်နှာပေးအမျိုးမျိုးနဲ့ မိန့်ခွန်းပြော လေ့ကျင့်နေမယ့်ပုံ။

သူတို့ စစ်ဗိုလ်ချုပ်တွေရဲ့ တချိုးတည်းသော လေယူလေသိမ်းနဲ့ လူစိတ်မဝင်စားတဲ့မိန့်ခွန်းတွေ ပြောရတာကို တော်တော်ခံတွင်းတွေ့နေတဲ့ပုံ။

ကိုယ့်ရုပ် ကိုယ်မှန်ထဲကြည့်ပြီး ငါ တယ်ချောပါလားလို့ ပြောနေမယ့်ပုံမျိုး။ အဲဒီလို မျက်နှာလည်းရူး၊ ဘဝင်လည်း ရူးတာကြောင့်ပဲ ပြည်သူကို မိန့်ခွန်းပြောတာတွေ ဘာတွေ လျှောက်လုပ်ခဲ့ပုံရတယ်။

ပြီးတော့ မင်းအောင်လှိုင်ဟာ တခြားစစ်ဗိုလ်ချုပ်တွေလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုစိတ်ကြီးကြီးနဲ့ ကျိတ်ကြည်ညိုနေပုံလည်းရတယ်။

ကျိတ်ကြည်ညိုတာကြောင့် ဒေါ်အောင်ဆန်းစုကြည်လို ပြည်သူကို မိန့်ခွန်းပြောတာမျိုးတင်မက ပြည်သူနဲ့ ထိတွေ့ဆက်ဆံမှုကိုပါ လိုက်လုပ်ချင်ချင်။

သူတို့စစ်ဗိုလ်ချုပ်တွေရဲ့စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်သလို လျှောက်လုပ်ရင် ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသလို သူတို့ကိုလည်း ကြည်ညိုလာလိမ့်မယ်လို့ ကျပ်မပြည့်စွာ တွေးကြတယ်။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တောင် လုပ်နိုင်သေးတာ၊ ငါတို့က ဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ မနာလိုစိတ်လည်း ခပ်ကြီးကြီးရှိကြပုံ။

ဒေါ်အောင်ဆန်းစုကြည် လုပ်သလို လျှောက်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဖြစ်သလို မဖြစ်တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပိုအငြိုးကြီးကြသလို ပြည်သူကိုလည်း နာကြည်းကြပြန်တယ်။

ပြီးတော့ မင်းအောင်လှိုင်က နိုင်ငံရေးဉာဏ်ရည် နည်းလွန်းလေတော့ သူ့ရဲ့ သမ္မတရူး အိပ်မက်ကို မဖုံးဖိနိုင်။

အာဏာမသိမ်းခင်တုန်းကလည်း မရှက်တမ်း မကြောက်တမ်း ဒေါ်အောင်ဆန်းစုကြည်ထံ သမ္မတအာဏာ သူ့ကိုပေးပါလို့ သွားတောင်းခဲ့သေး။

သမ္မတရာထူးမပေးလို့ အာဏာသိမ်းလိုက်ပြီ ဆိုတော့လည်း တခါတည်း တန်းခနဲ သမ္မတအိမ်တော်ပေါ်တက်နေ။ လူတွေအလစ်မှာ သမ္မတပလ္လင်ထက် ကျွမ်းနှစ်ပတ်လောက်လည်း ပစ်ထိုးလိုက်ဦးမယ့်ပုံ။

ဗိုလ်ချုပ်မှူးကြီးလည်း သူပဲ၊ စစ်ကောင်စီဥက္ကဋ္ဌလည်း သူပဲ၊ ဝန်ကြီးချုပ်လည်း သူပဲ။ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ မင်းအောင်လှိုင် လမ်းဘေးလူမိုက်စတိုင်က အပြည့်။

ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရူး ရူးတော့လည်း ရှားရှားပါးပါး နိုင်ငံတကာဧည့်တွေလာရင် သူ့ခမျာ သမ္မတအဆောင်အယောင်တွေ ဆင်မြန်းလို့ ပျာပျာသလဲ သမ္မတယောင်ဆောင်တော့တယ်။

ပြီးတော့ သမ္မတအင်္ဂါရပ်နဲ့အညီ နိုင်ငံခြားတိုင်းပြည်တွေက ဖိတ်ခေါ်တဲ့ ခရီးစဉ်တွေလည်း ဟန်ကြီးပန်ကြီးနဲ့ ထွက်ချင်သေး။

မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးခရီးစဉ်က ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်နေ့၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့။ အာဆီယံအသင်းက အာဆီယံမူ ၅ ရပ်ကို လက်ခံဖော်ဆောင်ပါ့မယ် ဆိုတဲ့အကြောင်း

ခံဝန်ခေါ်ထိုးခိုင်းတဲ့ ခရီးစဉ်မို့ တရားခံမျက်နှာပေးနဲ့ ကုပ်ကုပ်သွား ကုပ်ကုပ်ပြန် ဘာဆိုဘာမှ ဟန်မလုပ်နိုင်။

ပြီးတော့ နောက်တကြိမ်ကျတော့ ၂၀၂၁ ဇွန် ၂၂-၂၄ ရက်နေ့အထိ ရုရှားမှာကျင်းပတဲ့ မော်စကို နိုင်ငံတကာလုံခြုံရေးညီလာခံ။ ကာကွယ်ရေးဦးစီးချုပ်အဖြစ် သွားရောက်ရတာမို့ ဟန်လုပ်လို့ မရပြန်။

အဲဒီတုန်းက ရုရှားသမ္မတ ပူတင်နဲ့ တွေ့ချင်လွန်းလို့ ရုရှားမှာ မင်းအောင်လှိုင် ယောက်ယက်ခတ်နေပေမဲ့ တွေ့ခွင့်မရလို့ လက်မှိုင်ချ ပြန်ခဲ့ရ။

သွားလို့ရတာက ရုရှားပဲရှိပြီး ရုရှားကိုသာ မျက်နှာလုပ်ခွင့်ရတာမို့ နောက်တခေါက်လည်း ရုရှားပဲ။ ၂၀၂၂ ဇူလိုင်လအတွင်း လူမုန်းများလှတဲ့ ဟိုဘုန်းကြီးတွေနဲ့ ရုရှားမှာ ထီးသွားတင် ယတြာချေတယ် ဆိုလား၊

ဘယ်သူကမှမဖိတ်တဲ့ ပုဂ္ဂိုလ်ရေးအလွတ်သဘော ခရီးစဉ်မို့ နေပြည်တော်ကနေ လူမသိသူမသိ ခိုးသွားကြတယ်။

အခု စက်တင်ဘာ ၅ ရက်နေ့၊ ရုရှားမှာကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကျမှသာ မင်းအောင်လှိုင် လက်ခမောင်းခတ်တော့တယ်။

အဲဒီဖိုရမ်မှာ မင်းအောင်လှိုင်တယောက် သူဖြစ်ချင်သလို မိန့်ခွန်းတွေ ဘာတွေ ပြောခွင့်ရ။

ဘာများပြောမလဲလို့ တချက် နားထောင်ကြည့်လိုက်တော့ စာရွက်ကို တငုံ့တည်း ငုံ့ကြည့်နေပြီး ပျင်းစရာကောင်းလှတဲ့ မြန်မာဗိုလ်ချုပ်တို့လေသံနဲ့ မြန်မာလို ရွတ်နေလေရဲ့။

ပြီးတော့ ပူတင်နဲ့တွေ့၊ ပူတင်ကို ဦးမချရုံတမယ် ပူတင်ဟာ ရုရှားခေါင်းဆောင်တင်မက ကမ္ဘာ့ခေါင်းဆောင်ကြီးလည်း ဖြစ်သတဲ့။

မင်းအောင်လှိုင်ရဲ့ သံတမန်ရေး ပါးနပ်ချက်က ပူတင်နဲ့တွေ့တယ်ဆိုတာနဲ့ ကျနော့်ကို တပည့်အဖြစ် အသိအမှတ်ပြုပါလို့ တောင်းပန်လိုက်သလိုမျိုး။

ဘာပဲဖြစ်ဖြစ် ဒီတခေါက် ရုရှားခရီးစဉ်မှာ ရုရှားနိုင်ငံ အဏုမြူကော်ပိုရေးရှင်း (Rosatom State Corporations) တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား ဓာတ်ပေါင်းဖိုတခု

တည်ဆောက်ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ရေးဆွဲရေး ကိစ္စတွေကို သဘောတူ လက်မှတ်ရေးထိုးခဲ့နိုင်တာ မင်းအောင်လှိုင်ကို အပျော်ကြီး ပျော်စေခဲ့ပုံပါပဲ။

ရုရှားသတင်းဌာနတခုနဲ့ အင်တာဗျူးဖြေလိုက်တာကလည်း သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်အဖြစ် နိုင်ငံခြားခရီးစဉ်မှာ လုပ်ကိုလုပ်ရမယ့် အင်္ဂါရပ်တခုလို့ ရှုမြင်လုပ်ကိုင်ခြင်းလို့ နားလည်ရပါတယ်။

ကဲ၊ ကြည့် ဘယ်လောက်တောင် ရူးသလဲဆို စက်တင်ဘာ ၁၁ ရက်နေ့၊ ရုရှားကနေ နေပြည်တော် ပြန်ရောက်တော့ နေပြည်တော်က ဝန်ထမ်းတွေကို လေဆိပ်မှာ လာကြိုခိုင်းပြီး

ပြည်သူတွေက ရုရှားခရီးစဉ် တိုးတက်မှုရလဒ်တွေအတွက် ဝမ်းသာစွာ စောင့်ဆိုင်း နှုတ်ဆက်ကြသတဲ့။ တကယ့်နိုင်ငံ့ခေါင်းဆောင်တွေ ကြုံတွေ့ခဲ့ကြတဲ့ပုံစံမျိုး အကုန်လျှောက်လုပ်ကာ သမ္မတရူး ရူးတော့တယ်။

မြန်မာ့အလင်း၊ ကြေးမုံ၊ မြဝတီနဲ့ ပေါ်ပြူလာနယူးစ်တို့လို ပုဂ္ဂလိကစစ်အုပ်စု ဝါဒဖြန့် မီဒီယာတွေက မင်းအောင်လှိုင် ရုရှား စတင်ထွက်ခွာတဲ့ စက်တင်ဘာ ၄ ရက်နေ့စလို့ သတင်းဖော်ပြနေလိုက်ကြတာ

ရုရှားခရီးစဉ်တလျှောက်လုံးလည်း ဖော်ပြနေရုံတင်မက စက်တင်ဘာ ၁၁ ရက်နေ့၊ မင်းအောင်လှိုင် နေပြည်တော်ပြန်ရောက်ခဲ့ပေမဲ့ ဒီနေ့ထိတိုင် မပြီးနိုင် မစီးနိုင်။ စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာဆို

မင်းအောင်လှိုင် ရုရှားသွား မှတ်တမ်း‌ဆောင်းပါးတင်မက ရုရှားခရီးစဉ်အပေါ် စစ်အုပ်စု လော်ဘီတွေရဲ့အမြင်က သတ်သတ်။

ပြောရရင် အာဏာသိမ်းကာလ ၂ နှစ် ပြည့်တော့မယ့်အချိန်မှာ ဒီတကြိမ်ပဲ သမ္မတစတိုင် အယောင်ဆောင်ခွင့် ရတာမို့ မင်းအောင်လှိုင် ဘာကြိုက်သလဲဆိုတာ အကင်းပါးတဲ့ သူ့အနီးကပ် တပည့်တွေက ဆရာ့အကြိုက် မြှောက်လုံးသွင်းနေတာလား။

မင်းအောင်လှိုင် မြန်မြန်ရူးလည်း အေးတာပဲဆိုပြီး မရူး ရူးအောင် ပို့ပေးနေတာများလား မပြောတတ်။

အာဏာရှင်တွေနဲ့ အာဏာရူးတွေရဲ့ ဘုံထင်ရှားတဲ့ အမှတ်လက္ခဏာတခုက မြှောက်တာကို မြှောက်မှန်းသိလျက် အမြှောက်ကြိုက်ကြတာပါ။

အာဏာရှင်မဖြစ်သေးတဲ့ အာဏာရူးလေး မင်းအောင်လှိုင်ကတော့ အားလုံးထက် တမူးပိုကာ ရဲရဲမြှောက် ရဲရဲကြိုက်မယ့် ပုံပါပဲ။

ထွန်းလင်း