၂၀၁၉ ထုတ် iPhone တွေကို ဘယ်အချိန်မိတ်ဆက်မလဲဆိုတာ Apple ကတောင် မသေချာသေးချိန်မှာ iPhone နဲ့ပတ်သက်တဲ့ကောလာဟလတွေကတော့ ပလူပျံနေပါပြီ။ ဒါလည်း ထုံးစံလိုဖြစ်နေခဲ့တာကြောင့် သိပ်ထူးခြားလွန်းနေတဲ့ကိစ္စမျိုးတော့မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ အခုနောက်ဆုံးပေါက်ကြားထားခဲ့မှုတစ်ခုကတော့ iPhone 11 နဲ့ iPhone 11 Pro လို့ခေါ်တဲ့ iPhone မော်လ်ဒယ်အသစ်တွေရဲ့ပုံစံကို အနည်းအကျဉ်းလောက် ပိုရိပ်စားမိသွားစေခဲ့ပါတယ်။ အဲဒီပေါက်ကြားမှုကတော့ ConceptsiPhone ဆိုတဲ့ ယူကျူ့ဘ်ချန်နယ်က “iPhone 11 နဲ့ iPhone 11 Pro ရဲ့ တကယ့်ပုံစံတွေ” လို့အခိုင်အမာပြောဆိုပြီးတင်ခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။
ဗီဒီယိုထဲမှာတွေ့ရတဲ့ iPhone က နောက်ကျောမှာ ဝါညိုနုရောင်ရှိပြီးနဲ့ ဘေးဘောင်တွေက Rose Gold ဖြစ်လို့ Rose Gold လို့ပဲ ဆိုရမှာဖြစ်ပြီး အရင်ထွက်ခဲ့တဲ့ iPhone တွေနည်းတူ ကျောပြင်မှာ Apple လိုဂိုပါဝင်ပြီး မပါတော့ဘူးလို့ ကောလာဟလထွက်ခဲ့တဲ့ iPhone စာသားလည်း ပါဝင်နေပါတယ်။
နောက်ဘက်ကင်မရာက Lens (၃) ခုပါကင်မရာဖြစ်ပြီး Lens တွေကို ဖုန်းနောက်ကျောပြင်ရဲ့ ဘယ်ဘက်ထိပ်ပိုင်းက စတုရန်းကွက်ပုံထဲမှာ စီထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။ အသုံးတွင်ကျယ်နေတဲ့ USB-C port အစား Lightning port ကိုပဲ ဆက်သုံးထားသေးတယ်ဆိုတာကတော့ ဖုန်းရဲ့အောက်ခြေဘက်ကို ရိပ်ခနဲပဲမြင်လိုက်ရပေမဲ့လည်း သေချာသလောက်ရှိနေပါတယ်။ ဗီဒီယိုထဲမှာပြခဲ့တာက Demo တွေဖြစ်တဲ့အတွက် ဖုန်းကိုဖွင့်ပြီး တခြားလုပ်ဆောင်ချက်တွေကို လေ့လာတာမျိုးတော့ တွေ့နိုင်မှာမဟုတ်ပါဘူး။
iPhone 11 နဲ့ iPhone 11 Pro (အရွယ်အစား ၂မျိုး) ဆိုတဲ့ iPhone မော်လ်ဒယ်အသစ် (၃) မျိုးကို မိတ်ဆက်သွားဖို့ရှိတယ်ဆိုတဲ့ကောလာဟလတွေ ဒီနှစ်ထဲမှာ အများအပြားထွက်ခဲ့ပေမဲ့လည်း လာမယ့် ၂၀၁၉ စက်တင်ဘာ (၁၀) ရက်ဝန်းကျင် ကယ်လီဖိုးနီးယားမှာပြုလုပ်မယ့်ပွဲတစ်ခုမှာမှ Apple က သူတို့ရဲ့ထုတ်ကုန်သစ်တွေကို မိတ်ဆက်လာနိုင်တယ်လို့ယူဆရပါတယ်။