ရီးရဲဘက်တစ်ကွင်းလယ်ကြယ်ပွင့် နဘီဖီကီရာဟာ ၂၀၁၈ ခုနှစ် လိုင်ယွန်အသင်းမှာ ကစားခဲ့စဉ်အချိန်တုန်းက လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ မအောင်မြင်ခဲ့တာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပြီး လီဗာပူးအသင်းဟာ မှားယွင်းတဲ့ဆေးစစ်ချက်အဖြေကို အသုံးပြုခဲ့တယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda ရဲ့သတင်းအရ သိရပါတယ်။
၂၀၁၈ ခုနှစ် နွေရာသီမှာ နဘီဖီကီရာကို ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ပြင်သစ်အသင်းနဲ့အတူ မြင်တွေ့ခဲ့ရပြီး လီဗာပူးအသင်းကို လိုင်ယွန်အသင်းကနေ ပြောင်းရွှေ့ဖို့ ကြိုးပမ်းခဲ့ရာမှာ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဖြစ်ပျက်ခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ဖီကီရာရဲ့ပြောင်းရွှေ့ကြေး ပေါင် ၅၃ သန်းကို လိုင်ယွန်အသင်းကို ပေးချေဖို့ သဘောတူညီခဲ့ပြီး ဆေးစစ်မှုပြုလုပ်ဖို့အတွက် ပြင်သစ်ကိုတောင် ၎င်းတို့ရဲ့ ဆေးအဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
နဘီဖီကီရာဟာ မကြာမီအချိန်အတွင်းမှာ လီဗာပူးအသင်းဝတ်စုံနဲ့ ဓာတ်ပုံရိုက်ကူးခဲ့ပြီး လီဗာပူးအသင်းရဲ့ တရားဝင်ရုပ်သံချန်နယ်နဲ့တောင် အမေးအဖြေတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လီဗာပူးအသင်းက ဖီကီရာရဲ့ဒူးဒဏ်ရာကို စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုပြီး နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ကို ရပ်တန့်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိထားတဲ့ နဘီဖီကီရာဟာ ၁၂ လကာလအတွင်း ညာဘက်ဒူးကို ခွဲစိတ်မှု ၂ ကြိမ်အထိ ပြုလုပ်ဖို့ လိုအပ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
နဘီဖီကီရာက လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတဲ့ နောက်ကွယ်မှာ စစ်မှန်တဲ့အကြောင်းအရင်းတစ်ခုရှိနေတယ်လို့ ယုံကြည်နေပြီး ၎င်းရဲ့ဒူးမှာ ဘာဒဏ်ရာပြဿနာမှ မရှိခဲ့ဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“အလိမ်အညာစကားတွေ အများကြီး ပြောခဲ့ကြပြီး အဲဒီစကားတွေက ကျွန်တော့်ကို အကျိုးသက်ရောက်စေခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော့်မိသားစုအကြောင်းကို ပြောခဲ့တဲ့သူအချို့ရဲ့စကားတွေပေါ့။ အဲဒီစကားတွေက ကျွန်တော့်ကိုရော ကျွန်တော့်မိသားစုတွေကိုပါ နာကျင်စေခဲ့ပါတယ်။ အထူးသဖြင့် အမှားတွေကို ပြောနေတယ်ဆိုတာ ခင်ဗျား သိနေတဲ့အချိန်မှာပေါ့”